• Visits

    • 9,524
  • ဝေဖန်အကြံပြုလိုပါက

    ဝိမုတ္တိသုခနှင့် ပတ်သက်ပြီး ဝေဖန်အကြံပြုလို၍ဖြစ်စေ၊ မိမိကိုယ်တိုင် ပါဝင်ရေးသားလို၍ ဖြစ်စေ vsukha@gmail.com အီးမေးလ် လိပ်စာသို့ စာရေးသားဆက်သွယ်နိုင်ကြပါသည်။

    ဝိမုတ္တိသုခသည် စာဖတ်ပရိသတ်တို့အတွက် ကောင်းသည်ထက် ကောင်းအောင် အထူးကြိုးစားတင်ဆက်နေပါသည်။ ပရိသတ်တို့၏ တုံ့ပြန်သံသည် ရှေ့ခရီးဆက်ရေးအတွက် မရှိမဖြစ်လိုအပ်သည့် လောင်စာဖြစ်ပါသည်။

    သို့ဖြစ်ပါ၍ ပို့စ်တစ်ခုချင်းစီအလိုက် ဝေဖန်အကြံပြုချက်များ ရေးသားခြင်း၊ ဆန္ဒသဘောထား တောင်းခံထားသည့် ပို့စ်များတွင် မိမိ၏အမြင်ကို မဲဆန္ဒပေးခြင်းတို့ဖြင့် ပူးပေါင်းပါဝင်ကူညီကြပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်။

    အညတရ
    ဝိမုတ္တိသုခအား တည်ထောင်သူ

  • Categories

ဗုဒ္ဓဝါဒီတွေ နတ်ကိုးကွယ်ရင်

_106008361_gettyimages-483042975

နတ်ကိုးကွယ်မှု၏အစ

အသိပညာမထွန်းကားခင်က ရှေးဦးလူတွေဟာ ငလျင်၊ မိုးကြိုး၊ မုန်တိုင်းစတဲ့ သဘောဝဘေးအန္တရာယ်တွေနဲ့ ကြုံတဲ့အခါ ကြောက်စိတ်ကြောင့် အားကိုးရာရှာကြရင်းနဲ့ သစ်ပင်၊ တော၊ တောင်၊ နတ်ကွန်းတွေမှာ စူပါတန်ခိုးနဲ့ပြည့်စုံတဲ့ စိုးပိုင်သူရှိမယ်လို့ မှန်းဆပူဇော်ပသရင်း ကိုးကွယ်မှုစတင်ခဲ့ကြောင်း ဗုဒ္ဓကျမ်းမြတ်မှာဆိုတယ်။ (ဓမ္မပဒ၊ ၁၈၈ ဂါထာ)။ တဖြည်းဖြည်း ဒေသဆိုင်ရာ တန်ခိုးရှင် အငယ်စားတွေ၊ နယ်ပိုင် မြို့ပိုင်တန်ခိုးရှင်တွေ၊ ကမ္ဘာလောကကို ဖန်ဆင်းသူတွေအထိ ကိုးကွယ်ခံတန်ခိုးရှင်တွေကို စိတ်ကူးပုံဖော်ခဲ့ကြတယ်။ ဒါကြောင့် ဗုဒ္ဓဝါဒ ဒဿနအရ ကိုးကွယ်မှုအစ ကြောက်စိတ်ကလို့ ဆိုနိုင်တယ်။ မေးခွန်းမှာပါတဲ့ “နတ်” ဆိုတာကို လူတွေရဲ့ ကောင်းကျိုး ဆိုးကျိုးတွေ ဖြစ်ပေါ်အောင် လုပ်ပေးနိုင်တယ်လို့ လူ့နှလုံးသားထဲမှာ သမိုင်းမတင်မီခေတ်ကပင် စွဲနေတဲ့ ဖော်ပြပြီး တန်ခိုးရှင်မျိုးလို့ပဲ နားလည်ပါရစေ။ ဗုဒ္ဓကျမ်းဂန်မှာပါတဲ့ နတ်ပြည်ခြောက်ထပ်က နတ်အယူအဆနဲ့ မတူဘူးလို့ မှတ်ထားဖို့ပါ။

မြန်မာနတ်ကိုးကွယ်မှု

မြန်မာနိုင်ငံမှာ အင်မတန် ရှေးကျတဲ့အချိန်ကပင် နတ်ကိုးကွယ်မှု ရှိခဲ့ပုံပါပဲ။ အေဒီ ၃၄၄-၃၈၇ (ဒီထက် နောက်ကျဖွယ်ရှိတယ်) သေဉ်လည်ကြောင်မင်း လက်ထက်လောက်မှာ ရွာကြီး ၁၉ ရွာစုပေါင်းပြီး သီရိပစ္စယာမြို့ကို တည်ထောင်တယ်။ မြို့သူမြို့သားတွေ ကိုးကွယ်တာက ယနေ့ခေတ် တောင်ပေါ်တိုင်းရင်းသားတွေလို ဒေသဆိုင်ရာ နတ်တွေပါပဲ။ တစ်ရွာကို နတ်တစ်ပါး။ ဒီတော့ သူတို့နတ်က အစစ်၊ ငါတို့နတ်က အမှန်နဲ့ အငြင်းပွားကြ ရန်ဖြစ်ကြလို့ လိမ္မာသူတွေက တစ်နိုင်ငံလုံး (တစ်နည်း ကျေးရွာအားလုံး) ကို စည်းရုံးနိုင်ဖို့ အဲဒီနတ်တွေအားလုံးထက် တန်ခိုးပိုကြီးတဲ့ တောင်ပိုင်နတ်ဆိုတာကို တီထွင်ကြတယ်။ တစ်နည်းဆိုရင် လူမျိုးစုတွေအားလုံး ကိုးကွယ်နိုင်မယ့် ကိုးကွယ်စရာ အသစ်တစ်ခုကို ရှာဖွေလိုက်ခြင်း ပါပဲ။ သီရိပစ္စယာဟာ နောင်အခါ ပုဂံမြို့တော်ဖြစ်လာတယ်။ ပုဂံခေတ် (အေဒီ ဆယ့်တစ်ရာစု) မှာတော့ တစ်နိုင်ငံလုံးကိုးကွယ်တဲ့ နတ် သုံးကျိပ်ခြောက်ယောက် ရှိသတဲ့။ (Maung Htin Aung, Folk Elements in Burmese Buddhism, p. 63-73)

လက်နက်မသုံးဘူး

အနော်ရထာမင်းလက်ထက် ပုဂံမှာ ဖန်ဆင်းရှင်၊ တန်ခိုးရှင်ကို ငြင်းပယ်တဲ့ ထေရဝါဒဗုဒ္ဓဘာသာ ထွန်းကားလာပေမယ့် နတ်ကိုးကွယ်မှု ပပျောက်မသွားခဲ့ဘူး။ ဗုဒ္ဓဝါဒအနေနဲ့ မိမိရောက်ရှိတဲ့ဒေသမှာ တည်ရှိနေပြီးဖြစ်တဲ့ ယုံကြည်မှုတွေကို သုတ်သင်ရှင်းလင်းပစ်ဖို့ လက်နက်နဲ့ အတင်းအကျပ်လုပ်ရိုးထုံးစံမရှိလို့ ယနေ့တိုင် နတ်ကိုးကွယ်မှု အမြစ်မပြတ်နိုင်ဘူးလို့ ဆိုနိုင်လေမလား။ ဒါပေမယ့် နှောင်းခေတ်မှာ ပညာရှင် ရဟန်းတွေဟာ နတ်ကိုးကွယ်မှုကို အလေးအနက် ကဲ့ရဲ့ရှုတ်ချတော်မူခဲ့ကြပါတယ်။ အင်းဝခေတ်စာဆို အရှင် မဟာသီလဝံသရေးခဲ့တဲ့ သံဝေဂခန်းပျို့ (ပိုဒ် ၂၅)မှာ ဆိုပုံက “အမွှေးအကြိုင်၊ မုန့်စိုင်မုန့်ခဲ၊ ကြက်ဝက်လဲ၍၊ ပုံနှဲခရာ၊ တီးမှုတ်ကာနှင့်၊ ချမ်းသာဆင်းရဲ၊ ပေးစမြဲဟု၊ စိတ်ထဲထင်မှတ်၊ ငနတ်တို့ကို၊ မပြတ်ကိုးကွယ်၊ အန္တရာယ်လည်း၊ ကိုယ်ဝယ်လွတ်ကင်း၊ မရှိလျှင်း၏” တဲ့။

ငရဲကျသလား

သရဏဂုံသုံးပါးနဲ့ ကံကံရဲ့အကျိုးကို ယုံကြည်နေသရွေ့ မိရိုးဖလာ ဗုဒ္ဓဝါဒီတစ်ယောက်ဟာ နတ်ကို ကိုးကွယ်ရုံနဲ့ ငရဲမကျနိုင်သေးပါဘူး။ ဒါပေမယ့် သရဏဂုံတော့ ညစ်နွမ်းပါတယ်။ ဒါကြောင့် စင်ကြယ်တဲ့ ဗုဒ္ဓဝါဒီဖြစ်ဖို့ဆိုရင် အပြင်အားကိုးစရာကို မရှာသင့်ပါဘူး။ အရှင် မဟာသီလဝံသ မိန့်သလို “ကြက်ဝက်လဲ၍” ပူဇော်မယ်၊ နွားလည်ပင်းကိုလှီးပြီး တန်ခိုးရှင် နှစ်သက်အောင် လုပ်မယ်ဆိုရင်တော့ သူ့အသက်သတ် အကုသိုလ်ကြောင့် ကျိန်းသေအပြစ်ရောက်မယ်။ နတ်ကနားပွဲက ဗုဒ္ဓဘာသာပါလို့ ဆိုသူတွေ အဲဒီပွဲအတွင်း အရက်သောက်၊ မမှန်တာပြော၊ ကြာခို၊ သူ့အသက်သတ်မှုတွေ ရှိခဲ့ရင် အဲဒီ အကုသိုလ်ရဲ့ ဆိုးကျိုးနဲ့ တွေ့ရမယ်။ သေရင်လည်း အပါယ် ရောက်မှာပေါ့။

ဗုဒ္ဓဝါဒ ဒဿနအရ ကိုးကွယ်မှုအစ ကြောက်စိတ်ကလို့ ဆိုနိုင်တယ်။ မေးခွန်းမှာပါတဲ့ “နတ်” ဆိုတာကို လူတွေရဲ့ ကောင်းကျိုး ဆိုးကျိုးတွေ ဖြစ်ပေါ်အောင် လုပ်ပေးနိုင်တယ်လို့ လူ့နှလုံးသားထဲမှာ သမိုင်းမတင်မီခေတ်ကပင် စွဲနေတဲ့ ဖော်ပြပြီး တန်ခိုးရှင်မျိုးလို့ပဲ နားလည်ပါရစေ။ ဗုဒ္ဓကျမ်းဂန်မှာပါတဲ့ နတ်ပြည်ခြောက်ထပ်က နတ်အယူအဆနဲ့ မတူဘူးလို့ မှတ်ထားဖို့ပါ။

ဘာလုပ်သင့်သလဲ

နတ်ကတော်တစ်ယောက် ဝိပဿနာတရားစခန်းကို ရောက်လာတယ်ဆိုရင် အသိစိတ် ရင့်ကျက်လာလို့ပဲ။ ကြိုးစားပြီး အားထုတ်ရင် တရားတွေ့နိုင်တာပေါ့။ ကိုယ့်ဝါဒအပေါ် အင်မတန် အစွဲအလန်းကြီးတဲ့ အခြားဘာသာဝင်တွေတောင် တရားစခန်းတစ်ခုခုမှာ တရားထိုင်မိရာကနေ တရားတွေ့ပြီး “ဗုဒ္ဓံသရဏံ ဂစ္ဆာမိ” သွားကြတာတွေ အများကြီးရှိပါတယ်။ ဒါကြောင့် နတ်ကိုးကွယ်မှုကို အရမ်း ယုံကြည်တယ်ဆိုတဲ့ မိဘတွေအတွက် အကောင်းဆုံးကတော့ အခွင့်သာတိုင်း ရိပ်သာတစ်ခုမှာ တရားထိုင်ဖြစ်အောင် တိုက်တွန်းပေးဖို့ပါပဲ။ ယုံကြည်မှု အစွဲဆိုတာကို အင်မတန် ချွတ်ရခက်ပါတယ်။ တရားတွေ့တဲ့တစ်နေ့မှာ အဲဒီ နတ်ရုပ်တွေ နတ်ပွဲတွေကို (အားလုံးမဟုတ်တောင်) သုံးပုံနှစ်ပုံလောက် လျှော့ပစ်နိုင်ပါလိမ့်မယ်။ တရားမတွေ့ဘူးပဲထား။ သေခါနီးမှာ မှီခိုရာလေးတစ်ခုတော့ ရသွားပါလိမ့်မယ်။

နတ်ကိုးကွယ်သည့် မိဘများနှင့် ပတ်သက်ပြီး တကာတစ်ဦး၏အမေးကို ဆရာတော်တစ်ပါးက အထက်ပါအတိုင်း ဖြေကြားထားပါသည်။

မူရင်း စာမျက်နှာကတော့ http://www.burmeseclassic.com/dammaQA.php [မေးခွန်းအမှတ် ၁၆၂] ဖြစ်ပါသည်။

ဖြေ – အရှင်ကေလာသ၊ ဓမ္မာစရိယ၊ B.A (Philo) M.A (Buddhism)

Leave a comment